သြော် သင်္ခါရ... သင်္ခါရ...
ခုတစ်လော စိတ်မကောင်းစရာတွေ ဆက်တိုက်ဆိုသလို ကြားကြားနေရတယ်။ ဟိုနေရာလည်း ရေတွေကြီးနေလို့။ ဒီနေရာလည်း ရေတွေ ကြီးနေလို့။ ဟော တောင်ဒဂုံမှာ လေမုန်တိုင်းဝင်မွှေသွားတာ တော်တော်ပျက်စီးသွားတယ် ဆိုပဲ။ သြော် လောကဓံတရားကို လူတွေ လွန်ဆန်လို့မရပါလားလို့လည်း စဉ်းစားလာမိတယ်။ ဟုတ်တယ်လေ။ ဟော ခုထပ်ကြားရပြန်ပြီ။ ဘာလည်း ဆိုတော့ ရုပ်ရှင်မင်းသား ဒွေး ရုတ်တရက် ကွယ်လွန်ခြင်းဆိုတဲ့ သတင်းပါဘဲ။ သတင်းတွေက အကောင်းမရှိပါလား။ လောကကြီးမှာ လွန်ဆန်လို့မရတဲ့ သဘာဝကပေးထားတဲ့အရာကတော့ သေခြင်းတရားပဲလေ။ နေချင်လို့လည်း နေလို့မရ၊ သေချင်လို့လည်း သေလို့မရ ဒါတွေဟာ သူ့အလိုလို ဖန်တီးပေးထားတဲ့အရာတွေပဲပေါ့။ တော်တော်လည်း သံဝေဂရစရာကြီး တွေပါပဲ။ ဒါတောင် ကိုယ်သိတဲ့သူသေတာမို့လို့လေ။ ကိုယ်မသိတဲ့သူတွေ ဘယ်လောက်တောင် သေကြေပျက်စီးနေကြလဲဆိုတာ စဉ်းစားသာကြည့်တော့။ ရှောင်လွှဲလို့မရတဲ့အရာထဲမှာ သေခြင်းတရားလည်း ပါတာပေါ့။ ရန်သူမျိုးငါးပါး တောင် ကြိုတင်တားဆီးထားရင် နည်းနည်းရှောင်လွှဲလို့ ရသေးတယ်လေ။ အင်း ခုတော့ မမြဲတဲ့ သဘောတရားတွေပေါ့။ ဒါဟာ ဘာလည်းဆိုတော့ လောကကြီးမှာ အတ္တများတဲ့ လူတွေ၊ လောဘ ဒေါသ မောဟများတဲ့သူတွေ ဆင်ခြင်နိုင်အောင် လို့ထင်တာပဲ။ ဒါတောင် လူတော်တော်များက အသိတရားမရကြဘူးနော်။ ငါတကော ကောနေ တဲ့လူတွေ ဒုနဲ့ဒေးပေါ့။ လူ့ဘ၀ဆိုတာ ကားစီးတဲ့ ခရီးသည်လို့ပါပဲ။ အားလုံးက ခရီးသွားတွေပါ။ ကိုယ့်ဆင်းချင်တဲ့ဂိတ်ရောက်ရင် ဆင်းကြရမှာပဲလေ။ ဟုတ်ဘူးလား။ တက်လိုက်ဆင်းလိုက်နဲ့ သံသရာကြီးကလည်နေတာပေါ့။ သြော် သိထားတာလေး ပြောပြရဦးမယ်။ ရွာတစ်ရွာမှာတဲ့ တရားဟောတဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။ ဒီဘုန်းကြီးက နာရေးလည်း သူပဲ။ သာရေးလည်း သူဘဲ။ တရားဟောရတာပေါ့။ နာရေးသွားတိုင်း ဘုန်းဘုန်းက ဘာပြောလဲဆိုတော့ ဒကာ၊ ဒကာမတို့ ဒါတွေက မမြဲဘူး။ တရားနဲ့သာ ဖြေပါတဲ့။ သူက တရားဟောတိုင်း ဒီလိုဘဲ ပြောတယ်။ ဒါနဲ့ တစ်နေ့မှာ နာရေးတစ်ခုမှာ ဘုန်းကြီး ငိုနေတာကို တွေ့ရရောတဲ့ ဒါနဲ့ ဒကာ ဒကာမတွေက ဘုန်းဘုန်းဘုရား တရားနဲ့သာ ဖြေပါလို့ တပည့်တော်တို့ကို အမြဲဆိုဆုံးမနေတာ ဘုန်းဘုန်းလည်း တရားနဲ့သာ ဖြေပါလို့ ပြောကြရော အဲဒါနဲ့ ဘုန်းကြီးက ဘာပြန်ပြောလဲဆိုတော့။ ဟ ငါ ဘာတရားနဲ့မှ မဖြေနိုင်ဘူးတဲ့။ ဒကာတစ်ယောက်က တပည့်တော်တို့ကို ဖြေခိုင်းပြီးတော့ပေါ့။ ဘုန်းကြီးက ထပ်ပြောလိုက်တော့ ဒကာ ဒကာမတွေလည်း ပါးစပ်အဟောင်းသားတွေ ဖြစ်သွားကြပါလေရော။ ဘုန်းကြီးက ဘာပြောလဲဆိုတော့ ဒကာရဲ့ ခုသေတာ ငါ့ဆွေမျိုးတဲ့။ အရင်က သေတာက ငါ့ဆွေမျိုးမှ မဟုတ်တာတဲ့။ ကောင်းရော။ ဒါကို တစ်ယောက်နဲ့ တစ်ယောက် ရန်စောင်တဲ့သူနဲ့၊ မနာလိုတဲ့သူနဲ့၊ တစ်ယောက်ကောင်းစားရင် ၀မ်းသာပေးမယ်ဆိုတဲ့ မုဒိတာစိတ်တွေ မရှိကြဘူး။ တရားသဘောနဲ့ စဉ်းစားကြည့်ရင် ဘာမှ မတည်မြဲပါဘူး။ နေတတ်ဖို့တဲ့ သေတတ်ဖို့ လိုပါတယ်။ ကိုယ်သေရင် ကိုယ့်နောက်ပါမဲ့အရာကို မသေခင်မှာ လုပ်ဆောင်ကြစေချင်ပါတယ်။ ခုပညာတွေတတ်၊ အရာရှိတွေဖြစ်၊ စီးပွားတွေ ဘယ်လောက်ပဲ တတ်တတ် ကိုယ်သေရင် ကိုယ့်နောက် ပါလာမှာ မဟုတ်ပါဘူး။ လာတော့လည်း ဗလာ၊ ပြန်တော့လည်း ဗလာတော့ အဖြစ်မခံကြပါနဲ့။ ယူတတ်အောင် ယူသွားရပါမယ်။ ဘုရားရှင်သော်မှ ရှောင်လို့လွှဲလို့ မရတဲ့အရာကြီးကို ယမင်းတို့ကကော ဘယ်လိုတားဆီးကြမလဲ။လောကကြီးကို ရောက်လာတဲ့သူတွေ နေ့စဉ်နေ့တိုင်း ရှိနေသလို ထွက်ခွာသွားတဲ့သူတွေလည်း မနည်းပါဘူး။ ဒါကို လူတွေက သတိ မထားမိကြလို့ပါ။ အားလုံးကို သတိထား ဆင်ခြင်ကြည့်ကြမယ် ပြီးတော့ ကျင့်ကြံနိုင်မယ်ဆိုရင် ကိုယ်ဖြတ်သန်းနေတဲ့ ဘ၀ကြီးမှာ ကိုယ့်ရဲ့စိတ်ဟာ တည်ငြိမ်အေးချမ်းနေမှာ အမှန်ပါပဲ။ ဒါကြောင့် ယမင်း ပြောချင်တာကတော့ တွေ့တော့ဆုံခိုက် လူ့ဘ၀မှာ နေတတ်အောင် ကျင့်ကြံဖို့ရယ်၊ ရှေ့က သွားတဲ့သူတွေ လည်း သွားနှင့်ကြပြီ။ ယမင်းတို့လည်း ပြင်ဆင်စရာတွေကို ပြင်ဆင်သင့်ကြပြီလို့ ယူဆမိပါတယ်။
ပျိုလျှင် မုချ၊ အိုရမည်သာ ရှင်လျှင် စိတ်ချ၊ ဒိဋ္ဌိ သေမှာ ရှိလျှင် မလွဲ၊ ကုန်မြဲမှတ်ပါ သင်္ခါရ၊ မြင်မှာ လူချမ်းသာ
ရီးတီးယားတား၊ သေသွားရင်လေ အထုပ်ငယ်လေး၊ ပူဆွေးထွေထွေ သွားရာစခန်း၊ ပင်ပန်းမည်လေ ယခုက၊ ပြုကြကုသိုလ်တွေ
နေ၀င်ခါနီး၊ ခရီးသည်တွေ ဘယ်ဆီဌာန၊ သွားကြမှာလေ အချိန်ရှိခိုက်၊ ရှာလိုက်ပါလေ နေ၀င်က၊ ဒုက္ခပင်လယ်ဝေ
သေမှာမုချ၊ ဖြစ်ကြလေပြီ မသေခင်လေး၊ သင်တေးချိန်မီ သေမည့်ဆဲဆဲ၊ မလွဲကိုယ်စီ မြတ်တရား၊ သင်ပွားချိန်တန်ပြီ
|