ကျွန်မ မွေးဖွားပြီးတဲ့နောက်မှာ
ကျွန်မ မွေးဖွားပြီးခဲ့တဲ့ နောက်မှာတော့ ဒီအရာဝတ္ထုတွေဟာ ဖြစ်တည်ရှိလာခဲ့ပါတယ် အကယ်၍ ကျွန်မသာ မမွေးဖွားလာခဲ့သူဆိုရင်တော့ ဒီအရာဝတ္ထုတွေဟာလည်း ရှိမှာ မဟုတ်ပါဘူး ကျွန်မ မမွေးဖွားမီ အခြေအနေဆီကို ကျွန်မကို ပြန်ပို့ပေးစမ်းပါ.. အဲဒီအခါမှာ အဲဒီမှာ တွေ့ထိဖို့ရာ ဘာမှ ရှိမှာ မဟုတ်ပါဘူး ဒါပေမဲ့ ခုချိန်မှာတော့ ဒီအရာဝတ္ထုတွေကို တပ်မက်နေဆဲပဲလေ။
ဇူလိုင် ၂၀ ရက်တွင် ကျရောက်သော ယမင်းရဲ့ ဘယ်နှစ်ကြိမ်မြောက်လို့ ပြောရမလဲ အဲဒီ မွေးနေ့ကို တဖန် ရောက်ရှိလာခဲ့ပြန်ပြီပေါ့။ ယမင်းရဲ့ မွေးနေ့က မှတ်ရတာ လွယ်တယ် ဘာလို့လဲဆိုတော့ ဇူလိုင် ၁၉ ပြီး နောက် တစ်ရက်မို့လို့လေ။ အင်း ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးပြန်ပြီပေါ့။ ငယ်ရာမှ ကြီးသွားတာဘဲ ရှိတယ်နော်။ ကြီးသွားပြီး ငယ်သွားရင်ကော ဘယ်လောက် ကောင်းမလဲ အသက်ကို ပြောတာပါ။ အတတ်ပညာ၊ အသိပညာ၊ ဦးနှောက် ဒါတွေအားလုံးတော့ မငယ်ချင်ပါဘူး။ ဒီထက် ဒီထက် ပိုပြီး တိုးတက်ချင်တာ ရင်ထဲက ဆန္ဒပါ။ ခုထိတော့ ငါ ဘယ်ရောက်နေလဲ၊ ဘာဖြစ်နေပြီလဲ ဘာတွေ လုပ်နေလဲ။ ဒါတွေ ဒါတွေ စဉ်းစားကြည့်မိတာပေါ့။ တစ်ခါတလေလည်း စိတ်ညစ်တယ်။ လောကကြီးက မတရားသလိုကြီးဘဲ ငါ့အတွက် ကံကောင်းခြင်း တွေ ဘာလို့ရောက်မလာသလဲပေါ့။ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့မောင်နှမ အတွက် အားလုံးပေါ့။ ဘာကြောင့်လဲ အမြဲစဉ်းစားတယ်။ ကြာရင် ရူးသွား မလားတောင် အောက်မေ့ရတယ်။ အင်း ခုမွေးနေ့ရောက်ပြီဆိုတော့ ဘာလုပ် မှာလဲ။ အရင်ဆုံး ဘုရားရှင်ကို သတိရမိပါတယ်။ ပြီးတော့ ဘွားဘွားပေါ့။ ဘွားဘွားဆိုတာ အမေရဲ့အဘွားလေ။ ယမင်းရဲ့ဘွားဘွားကြီးပေါ့။ အသက်က ၉၈ နှစ် ကျော်လာပြီ။ မိဘဆိုတာ မသေခင် လုပ်ကျွေးပါ။ သေမှ မငိုပါနဲ့တဲ့။ ဒါတွေဟာ အမှန်တရားတွေပဲလေ။ ပြီးတော့ ယမင်းလေ ကိုယ်တတ်နိုင်သရွေ့ အလှူဒါနပြုပါတယ်။ ပြီးတော့ ဘုရားသွား ပုတီးစိတ်၊ စိတ်ရဲ့အေးချမ်းရာ အမှန်သည် ဘုရားရှင်မှလွဲ၍ ဘာမှမရှိပါဘူး။ ပြီးတော့ မောင်နှမတွေစုပြီး နှစ်စဉ်နှစ်တိုင်း မွေးနေ့ပွဲလေး လုပ်ပေးပါတယ်။ ကိုယ့်ရဲ့ပျော်စရာမိသားစုဘ၀ ဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ သူငယ်ချင်းတွေကိုလည်း အရမ်းကျေးဇူးတင်မိ ပါတယ်။ ယမင်းရဲ့ဘ၀မှာ သူငယ်ချင်းတွေလည်းပါပါတယ်။ သူတို့က ယမင်း ရဲ့ ကောင်းမွေဆိုးမွေတွေကို တော်တော်ခံနိုင်ပြီး အရာရာသည်းခံ နားလည် ခွင့်လွတ်ပေးပြီး လိုအပ်ချိန်တိုင်း အမြဲအဆင်သင့်ရှိနေကြပါတယ်။ ယမင်းမွေးနေ့အတွက် စာနဲ့တစ်မျိုး၊ ဖုန်းနဲ့တစ်မျိုး၊ မေးနဲ့တစ်မျိုး၊ City FM မှ တစ်ဆင့် သီချင်းတောင်းပေးခဲ့ကြသော ဝေးနေ နီးနေမှ မောင်နှမများ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးရဲ့ ရင်ထဲမှာ ယမင်းရှိနေသလို ယမင်းရဲ့ရင်ထဲမှာလည်း မင်းတို့အားလုံး ရှိနေ ပါတယ်။ ယမင်းရဲ့မွေးနေ့မှစ၍ သတ္တ၀ါအားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာ ပြီး လိုအင်ဆန္ဒများ မတောင်းဘဲနဲ့ အလိုလိုရရှိနိုင်ကြပါစေ၊ အောင်မြင်မှု ပန်းတိုင်ကိုလည်းတက်လှမ်းနိုင်ကြပါစေလို့ ယမင်းမေတ္တာပို့လိုက်ရပါတယ်ရှင်။
မနှစ်ကတော့ တော်တော်ပျော်တယ်။ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ ရွှေတိဂုံ ဘုရားသွားဖူး၊ ပုတီးစိတ်၊ ခိုစာကျွေး၊ တိရစ္ဆာန်လွှတ်၊ အဲပြီးတော့ တိရစ္ဆာန်ရုံ သွားပြီး ကစားကြတယ်။ အရမ်းပျော်ဖို့ကောင်းတယ်။ လူလည်း စုံတယ်လေ။ ခုတော့ အဝေးရောက်သွားကြတဲ့ သူငယ်ချင်းတွေရှိတော့ ဒီနှစ် တော့ မစုံတော့ ဘူးပေါ့။ ဆော့လို့အားရတော့ မုန့်တွေလျှောက်စားကြတယ်။ ပြီးတော့ ကန်တော် ကြီးမျှော်စင်ကျွန်းမှာ ရှိုးပွဲသွားကြည့်ကြတယ်။ အရမ်းပျော်ဖို့ကောင်းတယ်။ ဒီအချိန်မှာ အသက်လည်း မေ့ထားတယ်။ အရွယ်လည်း မေ့ထားတယ်။ ဟန်ဆောင်မှုဆိုတဲ့ အလွှာကို ခဏချွတ်ထားကြတယ်လေ။ ကလေးလေးတွေလိုပဲ အရမ်းလွတ်လပ်တယ်။ စိတ်ထဲမှာ ကြည်နူးတယ်။ မျှော်စင်ကျွန်းရောက်တော့ လည်း လှေကို လုစီးကြသေးတယ်။ ပြီးတော့မှ အိမ်ကို ပြန်ရောက်တော့ မောင်နှမတွေက စောင့်နေကြတယ်။ မွေးနေ့ကိတ်ဖယောင်းတိုင် မှုတ်ဖို့တဲ့။ သူတို့က စားချင်နေကြပြီတဲ့။ ဒါများ ကိုယ့်ဘာသာ မီးထွန်းပြီး မှုတ်စားကြတာ မဟုတ်ဘူးလို့တောင် ပြောလိုက်ရသေးတယ်။ ဒီလိုဘ၀မျိုး အမြဲရပါ့မလားလို့ တွေးမိတယ်။ခဏတာ အပျော်ဆိုပေမဲ့ မက်မောတပ်မက်မိတယ်။ လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာကြီးတွေပါပဲလို့လဲ အောက်မေ့မိပါတယ်။ ဒီနှစ်လည်း ပျော်တာပါပဲ။ အလုပ်ကညီမလေးတွေနဲ့ ဘုရားသွားပြီး ပုတီးစေ့ ကုသိုလ်ကောင်းမှုလုပ်ခဲ့ရတာပါပဲ။ ပြီးတော့ မောင်နှမတွေနဲ့အတူ မွေးနေ့ ဖယောင်းတိုင် မှုတ်ခဲ့ရတာပဲ။ ဒါတွေဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။ စိတ်ကိုလည်း အကောင်းဆုံးထားနိုင်အောင် ကြိုးစားမှာပါ။ ဘယ်သူကောင်းကောင်း မကောင်း ကောင်း ကိုယ့်စိတ်ကို ကောင်းအောင် အားလုံးအပေါ် ကောင်းအောင် နေထိုင်သွားမှာပါ။ ဇာကြီးကိုလည်း ကျေးဇူးတင်တယ်။ နင်တို့ရင်ထဲမှာ ငါရှိနေလို့ပေါ့။ သူငယ်ချင်း မိတ်ဆွေအပေါင်းသင်းတို့ရေ... မင်းတို့အပေါ်မှာ ယမင်း ပြောမှား ဆိုမှား ရှိခဲ့ရင် ဒီမွေးနေ့မှစပြီး ယမင်း တောင်းပန်လိုက်ပါတယ်နော်။ ပြီးတော့ ယမင်းကို အမြင်မတော်တာ ရှိခဲ့ရင်လည်း ပြောပါ ဆိုပါ၊ ဝေဖန်အကြံပြုပေး ပါလို့ တောင်းဆိုပါရစေနော်။
အားလုံးအေးချမ်းသာယာစွာနဲ့ ရှေ့ခရီးကို ဆက်လျှောက်နိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။ |